CES ပြပွဲမှာ ပြသနေတဲ့ ထုတ်ကုန်သစ် ခုနစ်မျိုး


သုံးစွဲသူ အီလက်ထရွန်နစ် နည်းပညာပြပွဲ (CES)ဟာ နှစ်သစ်တစ်နှစ်ကို ဖွင့်လှစ်တဲ့ အကြီးကျယ်ဆုံး နည်းပညာပြပွဲတစ်ခုအဖြစ် ယူဆနိုင်ပါတယ်။ ကုမ္ပဏီပေါင်းစုံက ထူးခြားတဲ့ စိတ်ကူးသစ်၊ ထုတ်ကုန်သစ်တွေကို CESမှာ အပြိုင်အဆိုင် ထုတ်ပြလေ့ရှိပါတယ်။ အခု ၂၀၁၈ ရဲ့ CES ပြပွဲကိုလည်း ဇန်နဝါရီ ၁၀ ရက်မှာ တရားဝင်စတင်ဖွင့်လှစ်ခဲ့ပြီး အံ့ဩစရာ နည်းပညာသစ်တွေ အများအပြားကို ခင်းကျင်းပွဲထုတ်လာတာ တွေ့နိုင်ပါတယ်။ အမေရိကန်နိုင်ငံ လာ့စ်ဗီးဂတ်စ်မြို့မှာ ကျင်းပနေတဲ့ CES ပြပွဲကြီးရဲ့ ဆန်းပြားတဲ့ ထုတ်ကုန်သစ်တွေထဲက လူအများအဓိက စိတ်ဝင်စားတဲ့ခုနစ်ခုကို ရွေးထုတ် ဖော်ပြလိုက်ပါတယ်။


LGရဲ့ လိပ်ထားလို့ရတဲ့ TV

တောင်ကိုရီးယား နည်းပညာကုမ္ပဏီကြီး LG က စက္ကူတစ်ရွက်လို လိပ်ပြီး သိမ်းဆည်းထားနိုင်မယ့် OLED နည်းပညာသုံး TV အသစ်ကို ပြသခဲ့ပါတယ်။ ဒီနည်းပညာကြောင့် TV တွေကိုထားရှိတပ်ဆင်ဖို့ နေရာ လိုအပ်ချက်ကို သိသိသာသာ လျှော့ချနိုင်မယ်လို့ LG က ဆိုပါတယ်။ အနာဂတ်ကာလမှာ ဒီ TV တွေဟာ Projector တွေရဲ့နေရာကို အပြည့် အဝအစားထိုးရယူမယ်လို့လည်း LG က ယုံကြည်နေပါတယ်။ LG W7 လို့ နာမည်ပေးထားတဲ့ TVဟာ အထူ ၂ ဒသမ ၅၇ မီလီမီတာထိ ပါး လွှာပြီး ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေကို ဖော်ပြပေးနိုင်ပါတယ်။ လောလောဆယ် အခြေအနေမှာတော့ အဆင့်မြှင့်တည်ဆောက်ဆဲ Prototype အနေနဲ့သာ LG က ဒီ TV ကို မိတ်ဆက်ခဲ့ပြီး 4K ပုံရိပ် အရည်အသွေးထိ ရရှိနိုင်မယ်လို့ ဆိုပါတယ်။


Nvidia ရဲ့ Drive Xavier

ကွန်ပျူတာ Chip တွေ ထုတ်လုပ်တဲ့ ကမ္ဘာကျော်ကုမ္ပဏီကြီး Nvidia ကဒီနှစ်မှာတော့ Xavierဆိုတဲ့ Processor ကို ပြသလာပါတယ်။ ဒါပေမဲ့ဒီ Processor ဟာ အိမ်သုံး၊ ရုံးသုံးကွန်ပျူတာတွေအတွက် ရည်ရွယ်ထား တာတော့ မဟုတ်ပါဘူး။ အမေရိကန်အပါ အဝင် ကမ္ဘာ့နိုင်ငံကြီးတွေမှာ အရှိန်အဟုန်နဲ့ လက်တွေ့စမ်းသပ်မှုတွေ ပြုလုပ်နေတဲ့ မောင်းသူမဲ့ ကား နည်းပညာကို ပံ့ပိုးဖို့ Xavier ကို Nvidia က ဖန်တီးခဲ့တာပါ။ Transistor ငယ် ကိုးဘီလီယံကျော်ပါရှိတဲ့ Processorဟာ တစ်စက္ကန့်ကို တွက်ချက်မှုပေါင်း ၃၀ ထရီလီယံထိ ပြုလုပ်နိုင်ပြီး မောင်းသူမဲ့ နည်းပညာသုံးကား ကွန်ပျူတာစနစ်ကို စွမ်းဆောင် ရည်အမြင့်ဆုံး မောင်းနှင်ပေးနိုင် မယ်လို့ Nvidia က ကြေညာခဲ့ပါတယ်။


Sony ရဲ့ Xperia XA2 Ultra စမတ်ဖုန်း

ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ Sony အတွက်တော့ စမတ်ဖုန်း လောက စိန်ခေါ်မှုတွေက နည်းနည်းခက်ထန် ကြမ်းတမ်းခဲ့ပါတယ်။ ဒါပေမဲ့ ဒီအခြေအနေတွေကို တွန်းလှန်ဖို့အတွက် Sony က CESမှာ စမတ်ဖုန်းသုံးမျိုးကို ထပ်မံမိတ်ဆက်လာပါတယ်။ ဒီထဲမှာ ပြပွဲလာပရိသတ်တွေနဲ့ လေ့လာသူတွေ သဘောအကျဆုံးကတော့ Xperia XA2 Ultra ဖြစ်ပါတယ်။ တန်ဖိုးအလယ်အလတ်သာကျသင့်မယ့် စမတ်ဖုန်းလို့ Sonyက ဆိုပေမယ့် စွမ်းဆောင်ရည်ပိုင်းက အလယ်အလတ်အဆင့် ထက်သာပါတယ်။ ဒီဇိုင်းကဆွဲဆောင်မှု ပြည့်ဝသလို ဖုန်းရှေ့ပိုင်းမှာ Selfie အတွက် Dual-Lens ကင်မရာစနစ်ကို ထည့်သွင်း တည်ဆောက် ပေးထားပါတယ်။ ဖုန်းနောက်ဘက်ကင်မရာကလည်း 23-megapixel အရည်အသွေးထိပါဝင်ပြီး Sony ရဲ့ နောက်ဆုံးထုတ် Exmor RS အာရုံခံ စနစ်ကိုပါ အသုံးပြုပေးထားတယ်။ ဒီဖုန်းကို ဖေဖော်ဝါရီမှာ စရောင်းမှာ ဖြစ်ပြီး တန်ဖိုးသင့် စမတ်ဖုန်းဈေးကွက်ထဲက ပြိုင်ဘက်တွေအတွက် တော့ အိပ်မက်ဆိုးဖြစ်လာနိုင်ပါတယ်။


Acer ရဲ့ ကမ္ဘာ့အပါးလွှာဆုံး Laptop

Acer ကတော့ ပေါ့ပါးပြီးလှပတဲ့ Swift 7 နဲ့အတူ CES ပရိသတ်တွေရဲ့အာရုံကို သိမ်းသွင်းယူခဲ့ပါတယ်။ တကယ့်ကို ဆန်းသစ်တဲ့ ခေတ်လွန် ဒီဇိုင်းမျိုးနဲ့ လှပနေတဲ့ Laptop လေးဟာ အထူ ၈ ဒသမ ၈၉ မီလီမီတာပဲ ရှိပါတယ်။ Acer ကတော့ Swift 7 ဟာ ကမ္ဘာပေါ်မှာ အပါးဆုံးLaptop ဖြစ်တယ်လို့ ကြွေးကြော်ထားပါတယ်။ Swift 7 ကို ဧပြီကျမှ ဈေးကွက်ထဲ စပြီးတင်ပို့မယ်လို့ ဆိုပါတယ်။ ၁၄ လက်မ အရွယ် Touchscreen ကို တပ်ဆင်ထားပြီး ဘေးဘောင်တွေကို အကျဉ်းမြောင်းဆုံး တည်ဆောက်ပြထားသလို အနက်ရောင်အလူမီနီယံကိုယ်ထည်ကို အသုံးပြုထားတာ ကြောင့် တန်ဖိုးကြီး အဆောင်အယောင်တစ်ခုလုံး ထည်ဝါနေပါတယ်။ 4G LTE ချိတ်ဆက်နိုင်စွမ်းလည်း ပါဝင်မယ်လို့Acerက အတည်ပြုထား ပါတယ်။


Byton ရဲ့ နည်းပညာအသုံးအဆောင် အများဆုံး Concept ကား

တရုတ်ကားကုမ္ပဏီ Byton ဟာ လျှပ်စစ်စွမ်းအင်သီးသန့် အသုံးပြုမယ့် SUV အမျိုးအစား ကားအသစ်တစ်စီးကို Concept နမူနာအနေနဲ့ CESမှာ မိတ်ဆက်လာပါတယ်။ ဒီကားရဲ့ ထူးခြားချက်ကတော့ အတွင်းပိုင်း ဖွဲ့စည်းပုံနဲ့ လုပ်ငန်းဆောင်တာပိုင်းမှာ လူသုံးများတဲ့ နည်းပညာအများအ ပြားကို စနစ်တကျစီစဉ် ထည့်သွင်းပေးထားခြင်း ဖြစ်ပါတယ်။ ဥပမာပြောရရင် ဖုန်းတွေမှာ အသုံးပြုတဲ့ လက်ဗွေဖတ်လုံခြုံရေး စနစ်မျိုး ကို ကားထဲမှာ ပြန်သုံးထားပါတယ်။ ကားရဲ့ စတီယာရင်မှာ သတင်း အချက်အလက်တွေ ဖော်ပြတဲ့ Touchscreen တစ်ခု ပါလာတဲ့အပြင် ကားဒက်ရှ်ဘုတ်ဧရိယာတစ်ခုလုံးကို လက်မ ၅၀ကျယ်ဝန်းတဲ့ ဧရာမ Touchscreenကြီးတစ်ခုနဲ့ အစားထိုးပြထားတဲ့ စိတ်ကူးကတော့ အံ့ဩစရာပါ။ Byton က ဒီကားတွေကို ရောင်းတန်းဝင်အဆင့်ထိ ထုတ် လုပ်ပြီး ၂၀၂၀ လောက်မှာ စတင်ရောင်းချနိုင်ဖို့ ရည်ရွယ်ထားပါတယ်။


Samsung ရဲ့ ပန်းချီကားဆန်တဲ့ TV

CES ပြပွဲမှာ TV အသစ် ဖန်တီးမှု စိတ်ကူးနဲ့ပတ်သက်ရင် LG တစ်ခုတည်းအံ့ဩဘနန်းတွေ လုပ်ပြခဲ့တာတော့ မဟုတ်ပါဘူး။ တောင်ကိုရီးယား ပြိုင်ဘက်ကြီး Samsung ရဲ့ The Wall ကိုလည်းလူတိုင်း အကြိုက်တွေ့ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ နှစ်တုန်းကတော့ Samsung ဟာ The Frameလို့နာမည်ပေးထားတဲ့ TV ဒီဇိုင်းကိုပြသဖူးပြီး TV ကို ဖွင့်မထားချိန်ကျရင် နံရံကပ်အနုပညာမြောက် ပန်းချီကားတစ်ချပ်လို ဖြစ်နေစေဖို့ ဖန်တီးပြခဲ့ပါတယ်။ The Wallကတော့ The Frame ကို ပိုပြီးအဆင့်မြှင့်ထားတဲ့ သဘောပါ။ TVရဲ့ Screen မှာ MicroLED Displayအငယ်တွေ ချိတ်ဆက်ထားပြီး ဘောင်တွေ လုံးဝဖျောက်ပစ်လိုက်ပါတယ်။ ထောင့်ဖြတ်အကျယ်က ၁၄၆ လက်မထိရနိုင်ပြီး ပုံရိပ်ဖော်စွမ်းရည်က 8K အရည် အသွေးလောက်ထိ ရရှိနိုင်မယ်လို့ဆိုပါတယ်။ လူတိုင်းပိုင်ဆိုင်ဖို့ စိတ် ကူးယဉ်မိမယ့် TVမျိုးပါပဲ။


Samsung ရဲ့ Notebook 9 Pen

CES မှာ မိတ်ဆက်ဖူးတဲ့ Laptop ကွန်ပျူတာပေါင်းက ရေတွက်ဖို့ ခက်လောက်အောင် များပြားခဲ့ဖူးပါပြီ။ ဒါကြောင့် ကုမ္ပဏီတိုင်းက Laptop အသစ် မိတ်ဆက်မယ်ဆိုရင် စိတ်ကူးဆန်းဆန်းနဲ့ ထင်ထင် ပေါ်ပေါ်ဖြစ်အောင် အမြဲတမ်း ကြိုးစားကြပါတယ်။ Samsung ရဲ့ နာမည်ကျော်Note Series ဖုန်းတွေနဲ့ Laptopကွန်ပျူတာတွေကြား အားသာချက်တွေကို ပေါင်းစပ်ပြီး ဒီအပေါ့စား Notebook ကို ဖန်တီးထားတာ ဖြစ်ပါတယ်။ Samsung က ကွန်ပျူတာရဲ့ အထိုင်ဘောင်တစ်ခုလုံး ကို Metal 12 လို့ နာမည်ပေးထားတဲ့ သတ္တုစပ်အမျိုးအစား သစ်နဲ့ တည် ဆောက်ထားကြောင်း ပြောပါတယ်။ အဲဒီသတ္တုစပ်ဟာအံ့ဩစရာ ကောင်းလောက်အောင် ပေါ့ပါးပြီး မယုံနိုင်လောက်အောင် ကြံ့ခိုင်တယ်လို့ ကုမ္ပဏီကညွှန်းထားတယ်။ ကွန်ပျူတာရဲ့ Touchscreen ဟာ Note Seriesဖုန်းတွေလိုပဲ စမတ် Penကို တွဲဖက်အသုံးပြုနိုင်ပါတယ်။ စမတ်Pen သုံးချိန်မှာ Keyboard ကိုနောက်ပြန် ခေါက်ထားချင်ရင်လည်း အဆင်ပြေတယ်။ Intel ရဲ့နောက်ဆုံးမျိုးဆက် Core i7 Processor ကို 16GB DDR4 RAMနဲ့ တွဲဖက်ပေးပြီး သိုလှောင်မှုအတွက် 512GB SSD ကတ်ကို ထည့်သွင်းပေးထားပါတယ်။      

 —Ref: CNet, BGR

CES ပြပွဲမှာ ပြသနေတဲ့ ထုတ်ကုန်သစ် ခုနစ်မျိုး CES ပြပွဲမှာ ပြသနေတဲ့ ထုတ်ကုန်သစ် ခုနစ်မျိုး Reviewed by The Collector on Thursday, January 11, 2018 Rating: 5

No comments