ဆက်သွယ်ရေးလိုင်စင်ပါ စည်းကမ်းတွင် လုပ်ငန်းဆောင်ရွက်မှုများ တင်ပြရမည့် အချက်ကို ထည့်သွင်းမည်


ဆက်သွယ်ရေးလိုင်စင် ရယူထားသူများသည် လုပ်ငန်း ဆောင်ရွက်မှု အခြေအနေကို ပြန်လည်တင်ပြခြင်း မရှိသဖြင့် လိုင်စင်ပါစည်းကမ်းချက်များကို ပြန်လည်ပြင်ဆင်သွားမည်ဟု ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ကြေညာသည်။

ဆက်သွယ်ရေးလိုင်စင်တွင် သုံးလပတ်အစီရင်ခံစာ ပြန်လည် ပေးပို့ရန် စည်းကမ်းချက်ပါဝင်ခြင်း မရှိသဖြင့် လိုင်စင်ရကုမ္ပဏီ များသည် အချက်အလက်ပေးပို့ရန် ငြင်းဆိုခဲ့သည်။ ဆက်သွယ်ရေးကဏ္ဍအတွက် ကိန်းဂဏန်းအချက်အလက်များနှင့် အစီရင်ခံစာများကို တိကျမှန်ကန်စွာ တင်ပြနိုင်ရန် သုံးလပတ်အစီရင်ခံစာ လို အပ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။


ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနသည် ဆက်သွယ်ရေးကဏ္ဍနှင့် သက်ဆိုင်သော လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ကိန်းဂဏန်းအချက်အလက် အပြည့်အစုံဖြင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ သုံးလတစ်ကြိမ် အစီရင်ခံစာပေးပို့ရန် ဆက်သွယ်ရေးကုမ္ပဏီများထံမှ အစီရင်ခံစာ လိုအပ်သည်။

ထို့အပြင် ကမ္ဘာ့ကြေးနန်းအဖွဲ့ချုပ်(ITU)ထံသို့ နှစ်စဉ် တယ် လီကွန်းကဏ္ဍနှင့် အိုင်စီတီကဏ္ဍဆိုင်ရာ ညွှန်ကိန်းများကို ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ပေးပို့ရသည်။ ထို့ကြောင့် ဆက်သွယ်ရေးလိုင်စင်တွင် လုပ်ငန်းဆောင်ရွက်မှု အခြေအနေကို ကုမ္ပဏီများက ပြန်လည်တင်ပြရန် စည်းကမ်းချက်အသစ် ပြင်ဆင်ခြင်းနှင့်ပတ်သက်၍ အများပြည်သူ၏ သဘောထားမှတ်ချက် ပေးပို့ရန် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ဒီဇင်ဘာ ၂၉ ရက်တွင် တောင်းဆိုခဲ့သည်။

တယ်လီနောနှင့် အူရီးဒူးသည် အများပိုင်ကုမ္ပဏီဖြစ်သဖြင့် အခွန်ပေးဆောင်မှု အပါအဝင် ဆောင်ရွက်ရမည့် တာဝန်နှင့် အချက်အလက်တို့ကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးနေကြောင်း တယ်လီနောစီအီးအို အဲရစ်တဲမန်းကပြောသည်။

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ဆက်သွယ်ရေး လိုင်စင်လေးမျိုးကို ၂၀၁၄ ဖေဖော်ဝါရီက စတင်ထုတ်ပေးခဲ့သည်။ ထုတ်ပြန်ချက်အရ ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီ ၁၃၇ ခုကို ဆက်သွယ်ရေးလိုင်စင် ထုတ်ပေးထားသည်။

ဆက်သွယ်ရေးလိုင်စင် လေးမျိုးအနက် Network Facilities Services လိုင်စင် (အထူး)ကို အများဆုံး ထုတ်ပေးထားသည်။ လိုင်စင်ရ ဆက်သွယ်ရေးကုမ္ပဏီ အချို့သည် ယနေ့အချိန်အထိ လုပ်ငန်းစတင်နိုင်ခြင်း မရှိသေးကြောင်းနှင့် ကုမ္ပဏီများအနေဖြင့် လိုင်စင်ပါ စည်းကမ်းချက်များကို လိုက်နာမှုအားနည်းနေကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးဆွေကပြောသည်။

ဆက်သွယ်ရေးလိုင်စင်ပါ စည်းကမ်းတွင် လုပ်ငန်းဆောင်ရွက်မှုများ တင်ပြရမည့် အချက်ကို ထည့်သွင်းမည် ဆက်သွယ်ရေးလိုင်စင်ပါ စည်းကမ်းတွင် လုပ်ငန်းဆောင်ရွက်မှုများ တင်ပြရမည့် အချက်ကို ထည့်သွင်းမည် Reviewed by The Collector on Monday, January 01, 2018 Rating: 5

No comments