ဆက်သွယ်ရေး အော်ပရေတာများ၏ 4G ပြိုင်ပွဲ


ဒေသတွင်း နိုင်ငံများနှင့် မြန်မာနိုင်ငံတွင် 4G ကွန်ရက် (အစိမ်းရောင်မှာ 4G ပျံ့နှံ့မှုရှိခြင်းဖြစ်သည်) ပျံ့နှံ့မှုအနေအထားပြမြေပုံ

ဆက်သွယ်ရေးအော်ပရေတာများ၏ဈေးကွက် ပြိုင်ဆိုင်မှု သုံးနှစ် ပြည့်သည့်အခါ လမ်းကြောင်းအသစ်သို့ ပြောင်းလဲသွားသည်။

အော်ပရေတာများသည် ၂၀၁၄ သြဂုတ်မှ ၂၀၁၇ သြဂုတ်အထိ သုံးနှစ်တာအတွင်း ဆင်းမ်ကတ်အများဆုံးပိုင်ဆိုင်ရေးကိုသာ အာရုံစိုက်ခဲ့သည်။

လက်ရှိအချိန်သည် မိုဘိုင်း ဖုန်းဆင်းမ်ကတ်လိုအပ်ချက်ပြည့် မီသွားပြီဟု ဆက်သွယ်ရေးအော်ပရေတာသုံးခုကို ဦးဆောင်နေသူများက ယူဆသည်။ ထို့ကြောင့် အော်ပရေတာများ၏ ဈေးကွက် ပြိုင်ဆိုင်မှုတွင် မိုဘိုင်းအင်တာ နက်အသုံးပြုသည့်ပမာဏ ပိုမိုပိုင်ဆိုင်ရေးဖြစ်လာသည်။ ၂၀၁၇ ပထမနှစ်ဝက်ကာလအထိ အော်ပ ရေတာများသည် ဆက်သွယ်ရေးကွန်ရက်ချဲ့ထွင်ခြင်းကို တစိုက်မတ်မတ် လုပ်ကိုင်ခဲ့သော်လည်း ဒုတိယနှစ်ဝက်တွင် ကွန်ရက်ချဲ့ထွင်ခြင်းလုပ်ငန်းများ နှေးကွေးသွားသည်။

လူဦးရေထူထပ်သည့် မြို့ပြ ဒေသများကို ကွန်ရက်လွှမ်းခြုံနိုင်ချိန်တွင် ဆက်သွယ်ရေးကွန်ရက် ချဲ့ထွင်ခြင်း အားနည်းသွားခဲ့သည်။ အကျိုးအမြတ်များပြားသည့် စီးပွားရေးလုပ်ငန်းဖြစ်သော်လည်း အချို့သော ဆက်သွယ်ရေး ကွန်ရက်များ အရှုံးနှင့်ရင်ဆိုင်နေရ ကြောင်း အူရီးဒူးစီအီးအိုဗီကရန်ဆင်ဟာက ပြောသည်။

ထို့ကြောင့် ဆက်သွယ်ရေး ကွန်ရက်ချဲ့ထွင်ခြင်းအစား တည် ဆောက်ပြီး ဆက်သွယ်ရေးကွန်ရက်ကို မြန်နှုန်းမြင့် 4G ကွန်ရက် ပြောင်းလဲတပ်ဆင်ခြင်းကိုသာ အော်ပရေတာများက ဦးစားပေး ဆောင်ရွက်ခဲ့သည်။ ၂၀၁၇ မေလက စတင်ကာ ဈေးကွက်ပြိုင်ဆိုင်မှု အပြောင်းအလဲ စတင်ခဲ့သည်။

3G ကွန်ရက်နှင့် 4G ကွန်ရက်သည် ထုတ်လွှင့်သည့် လှိုင်းနှုန်းစဉ်မတူသည့်အပြင် အသုံးပြုရသည့် ပုံစံမှာလည်း ကွာခြားသည်။ 1800 လှိုင်းနှုန်းစဉ်ပေါ်တွင် အခြေခံထားသည့် 4G ကွန်ရက်သည် မိုဘိုင်းအင်တာနက်စနစ်အတွက် အချက် အလက်အမြန်နှုန်းကို သီးသန့်လုပ် ဆောင်ပေးခြင်းဖြစ်သည်။

မြန်မာအစိုးရသည် 4G ကွန်ရက်အတွက် လိုအပ်သော လှိုင်း နှုန်းစဉ်ကို ကန်ဒေါ်လာသန်း ၈၀ ဖြင့် မေလအတွင်း အော်ပရေတာများကို ငှားရမ်းခဲ့သည်။ ငှားရမ်းသည့်သက်တမ်း သုံးနှစ်ဖြစ်သည်။ လိုအပ်သော လှိုင်းနှုန်းစဉ် ရရှိသည်နှင့်တစ်ပြိုင်နက် အော်ပရေတာများက 4G ကွန်ရက်တိုးချဲ့ ခြင်းကို အပြိုင်အဆိုင်ဆောင်ရွက်သည်။  လက်ရှိ၌ မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းသည် မြို့ကြီး ၃၀ နှင့် မြို့နယ် ၈၀ အထိ 4G ကွန်ရက် တိုးချဲ့နိုင်ခဲ့ကြောင်း ကြေညာထားသည်။ အလားတူ ၂၀၁၈ အကုန် တွင် မြို့နယ် ၂၈၀ အထိ 4G ကွန် ရက်လွှမ်းခြုံနိုင်မည်ဟု ဆိုသည်။

တယ်လီနောကလည်း တည် နေရာ ၅၀ တွင် 4G ကွန်ရက်တည်ဆောက်ထားကြောင်း၊ ကွန်ရက်ဖြန့်ကြက်မှုသည် မြို့ပြလူ ဦးရေ၏ သုံးပုံနှစ်ပုံဖြစ်ကြောင်း ကြေညာသည်။

အလားတူ အူရီးဒူးက မြို့နယ် ၉၀ ခန့်ကို 4G ကွန်ရက်လွှမ်းခြုံထားကြောင်း ထုတ်ပြန်၏။


မိုးဘိုင်းဖုန်းအသုံးပြုနေသူသုံးဦး (ဓာတ်ပုံ-စိုင်းဇော်)

‘‘အော်ပရေတာတွေရဲ့ စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုကို ပြန်ပြီး တော့ ကြည့်မယ်ဆိုရင် ဒေတာအသုံးပြုမှုအပေါ်မှာပဲ အခြေခံတော့မယ်’’ဟု တယ်လီနောစီအီးအို အဲရစ်တဲမန်းက ပြောသည်။

ထို့ကြောင့် ဆင်းမ်ကတ်ပိုင်ဆိုင်မှုကို အခြေခံ၍ ဈေးကွက်ပြိုင်ဆိုင်ခြင်းသည် ခေတ်ကုန်သွားပြီ ဖြစ်သည်။ အော်ပရေတာသုံးခု ရောင်းချထားသည့် ဆင်းမ်ကတ်အရေအတွက်သန်း ၅၀ ကျော်ရှိသည်။ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များမှအပ ဟန်းဆက်ကိုင်လိုသူအားလုံး၏လက်ဝယ်တွင် ဆင်းမ်ကတ်ရောက်ရှိနေ ပြီဟု ၎င်းက ပြောသည်။

လူထုအတွင်း ဆင်းမ်ကတ်ဝင်ရောက်ထိုးဖောက်နိုင်စွမ်း ၆၅ ရာခိုင်နှုန်း တည်ရှိနေခြင်းသည် နိုင်ငံလူဦးရေ၏ ထက်ဝက်ကျော် မိုဘိုင်းဖုန်းအသုံးပြုနေကြောင်း ပြသနေသည်။

‘‘ဈေးကွက်က ထပ်ပြီး အရမ်းကြီးတိုးတက်လာစရာ မရှိတော့ဘူး’’ဟု အဲရစ်တဲမန်းက ပြောသည်။  သို့သော် ဆင်းမ်ကတ်ဝေစု အနည်းဆုံး ပိုင်ဆိုင်ထားသည့် အူရီးဒူးက လာမည့် ၂၀၁၈ တစ်နှစ် တာအတွင်း ဈေးကွက်ဝေစုအ ပြောင်းအလဲဖြစ်လာမည်ဟု မျှော်လင့်ထားသည်။ ဆင်းမ်ကတ်အ ရေအတွက်ကိုးသန်းခန့်သာ ပိုင် ဆိုင်ထားသော်လည်း လာမည့်တစ်နှစ်အကြာတွင် ဈေးကွက်ဝေစုကို ပြန်လည် တိုင်းတာပေးစေလို ကြောင်း အူရီးဒူးစီအီးအို ဗီကရန် ဆင်ဟာက ပြောသည်။

အူရီးဒူးသည် အခြားသော ဆက်သွယ်ရေးအော်ပရေတာများနည်းတူ မိုဘိုင်းအင်တာနက်ဝေစု ပိုမိုရရှိရန် 4G ကွန်ရက်ကို တိုးချဲ့ နေသည့်အပြင် ဆင်းမ်ကတ်ဝေစု ထပ်မံတိုးတက်လာရန် 2G ကွန် ရက်ကိုလည်း ပြန်လည်တည် ဆောက်နေသည်။

သို့သော် နိုင်ငံ့လူဦးရေ၏ ၅၀ ရာခိုင်နှုန်းသာ မိုဘိုင်းအင်တာနက် အသုံးပြုနိုင်ကြပြီး ကျေးလက် ဒေသရှိ မိုဘိုင်းဖုန်းအသုံးပြုသူများ သည် အသံခေါ်ဆိုမှုကို ပိုမိုအသုံး ပြုလိုသည်ဟု အူရီးဒူးစီအီးအို ဗစ်ကရန်ဆင်ဟာက ပြောသည်။

အင်တာနက်ကို Package ဝယ်သုံးပါက တစ်လလျှင် ကျပ် ခြောက်ထောင်ခန့် ကုန်ကျ ကြောင်း၊ ဈေးထပ်လျှော့ပေးပါက ပိုကောင်းကြောင်း နေ့စဉ် အင်တာနက်အသုံးပြုသူ နေပြည်တော်မှ ကိုပြည့်ဖြိုးဇော်က ပြောသည်။

အူရီးဒူးသည် ၂၀၁၈ တွင် 4G Pro ကို စတင် မိတ်ဆက်မည် ဖြစ်သည်။ အရည်အသွေးကောင်း မွန်သည့် မြန်နှုန်းမြင့် 4G Pro သည် မိုဘိုင်းဖုန်းအသုံးပြုသူများ ကို အင်တာနက်အမြန်နှုန်း 500 Mbps အထိ ရရှိစေမည်ဟု ကြေ ညာထားသည်။

အူရီးဒူးက မိုဘိုင်းအင်တာ နက်အမြန်နှုန်း 500 Mbps အထိ ရရှိစေမည်ဟု ကြေညာသည့်အခါ MPT ကလည်း ၎င်းတို့ 4G ကွန်ရက်တွင် အမြန်နှုန်း 300 Mbps အထိ ရရှိစေမည်ဟု ကြေညာခဲ့သည်။

တယ်လီနောသည် 4G ကွန်ရက်၏အမြန်နှုန်းကို ထုတ်ပြန်ပြော ဆိုခြင်းမရှိသော်လည်း ကွန်ရက် အတွက် လိုအပ်သော လှိုင်းနှုန်း စဉ်တိုးချဲ့မှုအတွက် ကန်ဒေါ်လာသန်း ၈၀ ကို ဒီဇင်ဘာအတွင်း ထပ်မံရင်းနှီးမြှုပ်နှံခဲ့သည်။

‘‘တယ်လီနော 4G က အဝိုင်း (Loading)မလည်စေရပါဘူး’’ဟု အော်ပရေတာ၏ဈေးကွက်ဖော် ဆောင်ရေးအရာရှိချုပ် ဂျိုစလင်းက ကြွေးကြော်ထားသည်။ အော်ပရေတာများ၏ မိုဘိုင်းအင်တာနက်အမြန်နှုန်း ပိုမိုမြင့်မားလာ သဖြင့် အသုံးပြုသူများငွေကြေး ကုန်ကျမှုနည်းပါးစေရေး အင်တာနက်ကို Package များဖြင့်သာအသုံးပြုရန် ၎င်းက တိုက်တွန်းသည်။


ဓာတ်ပုံ-စိုင်းဇော်

‘အော်ပရေတာ’များ၏ စစ်တမ်းအရ မိုဘိုင်းဖုန်းအသုံးပြုသူ အားလုံး၏ထက်ဝက်ကျော်သည် စမတ်ဖုန်းများကို ကိုင်ဆောင်ထားသည်။ မြို့ကြီးများ၌ နေထိုင်သည့် ဖုန်းအင်တာနက်အသုံးပြုသူများသည် လစဉ်အင်တာနက်ပမာဏ 4GB အထိ အသုံးပြုလေ့ရှိသည်။

ထို့ကြောင့် မိုဘိုင်းအင်တာနက်အသုံးပြုမှုပမာဏသည် အိမ်နီချင်းနိုင်ငံများရှိ မိုဘိုင်းအင်တာနက်အသုံးပြုသည့် ပမာဏသာမက ဥရောပနိုင်ငံများရှိ မိုဘိုင်းအင်တာနက်အသုံးပြုသည့် ပမာဏနှင့်လည်း တူညီနေကြောင်း တယ်လီ နောက ထုတ်ပြန်သည်။

ထို့ကြောင့် ဆက်သွယ်ရေး အော်ပရေတာများက အင်တာနက်အသုံးပြုမှုပမာဏ ပိုမိုပိုင်ဆိုင်ရေးကို ဈေးကွက်ပြောင်းလဲဦးတည်လာခြင်းဖြစ်သည်။ အော်ပ ရေတာများ၏စီးပွားရေးကြော်ငြာများတွင်လည်း မြန်နှုန်းမြင့် 4G ကွန်ရက်ကို ၂၀၁၇ နှောင်းပိုင်း၌ အသားပေးဖော်ပြလာသည်။

သို့သော် လက်ရှိအချိန်အထိ 4G အင်တာနက်ကွန်ရက်၏စံသတ်မှတ်ချက် အမြန်နှုန်းဖြစ် သော 150 Mbps ကို အော်ပရေတာသုံးခုစလုံးက ပေးအပ်နိုင်ခြင်း မရှိပေ။

မိုဘိုင်းအင်တာနက် အမြန် နှုန်းတိုင်းတာသည့် အက်ပလီကေး ရှင်းဖြစ်သော Netradar ကို အသုံးပြု၍ ကမာရွတ်မြို့နယ်တွင် တိုင်းတာမှုအရ အော်ပရေတာများ၏ 4G အင်တာနက်အမြန်နှုန်းသည် 15Mbps ခန့်သာရှိသည်။ တိုင်းတာမှုသည် အင်တာနက်အသုံးပြုသူ များပြားချိန်နှင့် ဟန်းဆက်အရည် အသွေးပေါ် မူတည်နိုင်သော် လည်း အော်ပရေတာများကြော် ငြာထားသည့်အတိုင်း အမြန်နှုန်း မပြည့်ဝခြင်းမှာ သေချာသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် အင်တာနက်အမြန်နှုန်း စမ်းသပ်သည့် နိုင်ငံတကာအဖွဲ့ ဖြစ်သော Ookla ၏ကြေညာချက်အရ အမြန်နှုန်း 7.4Mbps ဖြင့် 3G ကွန်ရက်တွင် အမြန်ဆုံးအော်ပရေ တာဖြစ်ကြောင်း ကြွေးကြော်ခဲ့ သည်။ အလားတူ တယ်လီနောသည်လည်း Open Signal အဖွဲ့၏ ကြေညာချက်အရ အမြန်နှုန်း 5.5 Mbps ဖြင့် 3G ကွန်ရက်တွင် အမြန် ဆုံး အော်ပရေတာဖြစ်ကြောင်း ကြွေးကြော်ခဲ့သည်။

သို့သော် ၎င်းတို့ပြိုင်ဆိုင်နေသည့် 4G ကွန်ရက်၌ ကြေညာ ထားသည့် အမြန်နှုန်းအတိုင်း အသုံးပြုသူရရှိနေခြင်းရှိ၊ မရှိနှင့်ပတ်သက်၍ မည်သည့်အော်ပရေတာကမျှ ကြေညာခဲ့ခြင်းမရှိပေ။ နည်း ပညာဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်း MIDO သည် မိုဘိုင်းအင်တာနက်အမြန်နှုန်းနှင့်ပတ်သက်၍ အော်ပရေတာများ ကြော်ငြာထားသည့်အတိုင်း အသုံးပြုသူရရှိနေ ခြင်းရှိ၊ မရှိကို ၂၀၁၇ ဇွန်လအတွင်း စစ်တမ်းတစ်ခုပြုလုပ်ခဲ့သည်။

စစ်တမ်း ကောက်ယူချိန်သည် 4G နှင့် 3G ကွန်ရက်နှစ်မျိုး စလုံးကို ရောထွေးစွာ အသုံးပြုနေသည့်ကာလဖြစ်သည်။ တစ်နိုင်ငံ လုံးအတိုင်းအတာအနေဖြင့် စစ်တမ်းကောက်ယူခဲ့သော်လည်း မည်သည့်ကွန်ရက်ပေါ်တွင် အခြေခံ၍ အမြန်နှုန်း တိုင်းတာခဲ့သည်ကို MIDO က ကြေညာခဲ့ခြင်းမရှိပေ။

၂၀၁၇ စက်တင်ဘာတွင် MIDO ၏ စစ်တမ်းထွက်ရှိလာခဲ့သည်။ အော်ပရေတာများ၏မိုဘိုင်းအင်တာနက် အမြန်နှုန်းစံချိန် မီသော်လည်း Latency ဟု ခေါ်ဆိုသည့် အချက်အလက်တောင်းဆိုမှု ကြာမြင့်ချိန်သည် စံချိန်စံညွှန်းပြည့် မီခြင်း မရှိသေးကြောင်း စစ်တမ်း တွင် ဖော်ပြခဲ့သည်။

အသုံးပြုသူများသည် 4G ကွန်ရက်၏အမြန်နှုန်းကို အပြည့်အဝရရှိနေခြင်း မဟုတ်သေးသော်လည်း ၂၀၁၆ အတွင်း အသုံးပြုခဲ့သည့် 3G ကွန်ရက်ထက် အမြန်နှုန်းပိုမိုလာသည်ကို အင်တာနက်ပေါ်ရှိ ရုပ်သံဖိုင်များကို လျင်မြန်စွာ ကြည့်ရှုနိုင်ခြင်းက သက်သေပြခဲ့သည်။  

 ထို့အပြင် မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းနှင့် အူရီးဒူးတို့၏ ၂၀၁၈ အတွက် 4G အမြန်နှုန်းကမ်း လှမ်းချက်သည်လည်း စိတ်လှုပ်ရှားစရာဖြစ်နေသည်။ 4G အင်တာ နက်အတွက် စံသတ်မှတ်ချက်အ မြန်နှုန်း 150 Mbps ထက်ကျော် လွန်သော 300 Mbps နှင့် 500 Mbps အမြန်နှုန်းရရှိစေခြင်းသည် အွန်လိုင်းအခြေပြုသည့် စီးပွားရေး လုပ်ငန်းများကို ပိုမိုတိုးတက်လာ စေမည်ဟု MCC ကွန်ပျူတာ ကုမ္ပဏီစီအီးအိုဦးငြိမ်းဦးကပြောသည်။

 ‘‘ကျွန်တော်ထင်တာတော့ သူတို့ရဲ့ရှေ့ပြေးစီမံချက် ဧရိယာ တွေအတွင်းမှာရှိတဲ့ ဦးစားပေးမြို့ တွေမှာတော့ ရနိုင်မယ်။ ဒါပေမဲ့  500 Mbps တော့ ရနိုင်မယ်မထင် ဘူး’’ဟု မိုဘိုင်းအင်တာနက်အသုံး ပြုသူ ကိုကိုကြီးက အော်ပရေတာ များ၏ကြေညာချက်များနှင့်ပတ် သက်၍ ပြောသည်။

4G ကွန်ရက်ကို အခြေခံ၍ ဈေးကွက်ပြိုင်ဆိုင်ရန် တယ်လီ နောသည် ရရှိလာသည့်အမြတ်အ စွန်းကို ပြည်ပသို့ ပြန်လည်သယ် ဆောင်ခြင်းမပြုဘဲ ရင်းနှီးမြှုပ်နှံမှု သာ ဆက်လက်ပြုလုပ်နေကြောင်း အဲရစ်တဲမန်းက ပြောသည်။

ထို့ကြောင့် ၂၀၁၈ သည် အော်ပရေတာများ၏ 4G ကွန်ရက်ပြိုင်ဆိုင်မှုကို စောင့်ကြည့်ရမည့် နှစ်တစ်နှစ်ဖြစ်လာခဲ့သည်။   ။

ဆက်သွယ်ရေး အော်ပရေတာများ၏ 4G ပြိုင်ပွဲ ဆက်သွယ်ရေး အော်ပရေတာများ၏ 4G ပြိုင်ပွဲ Reviewed by The Collector on Thursday, December 28, 2017 Rating: 5

No comments