၂၀၁၇ ရဲ့ အလှုပ်ခတ်ဆုံး နည်းပညာသတင်းများ


ပြက္ခဒိန်စာရွက်တွေကို နေ့စဉ်စုတ်ဖြဲရင်း ၂၀၁၇ ကို နှုတ်ဆက်ဖို့ နီးကပ်လာပါပြီ။ ဖြတ်သန်းခဲ့တဲ့ တစ်နှစ်တာ ကာလတစ်လျှောက် နယ်ပယ်အသီးသီး၊ ကဏ္ဍအသီးသီးမှာ အဖြစ်အပျက်အမျိုးမျိုး၊ အပြောင်းအလဲ အဖုံဖုံ ပေါ်ပေါက်ခဲ့ သလို နည်းပညာပိုင်းနဲ့ပတ်သက်လို့လည်း သတင်းစုံ၊ အကြောင်း အရာစုံ ဖြစ်ပေါ်ခဲ့ပါတယ်။ နိုင်ငံတကာနည်းပညာနယ်ပယ်မှာ တစ်နှစ်တာအတွင်း လှုပ်လှုပ်ခတ်ခတ်ဖြစ်စေခဲ့တဲ့ သတင်းတွေထဲက ခုနစ်မျိုးကို ရွေးချယ်ဖော်ပြလိုက်ပါတယ်။


WannaCry တိုက်ခိုက်မှု

တစ်ကိုယ်ရေသုံးနဲ့ လုပ်ငန်းသုံး ကွန်ပျူတာတွေကို ဦးတည်တဲ့Ransom-ware တိုက်ခိုက်မှုကြီးဟာ မတ်လမှာ ဖြစ်ပွားခဲ့ပါတယ်။ Microsoft ရဲ့Windows OS ဗားရှင်းအဟောင်းတွေက လုံခြုံရေးဆိုင်ရာ အားနည်းချက်တစ်ခုကို အခွင့်ကောင်းယူပြီး ဟက်ကာတွေက တိုက်ခိုက်ခဲ့တာပါ။ WannaCry ဒဏ်ခံရတဲ့ ကွန်ပျူတာဟာ အချက်အလက်တွေ ထိန်းချုပ်ခံရပြီး ပြန်လည်ရယူချင်ရင်တော့ ပြန်ပေးငွေ ဒေါ်လာသုံးရာ ပေးချေရ ပါတယ်။ နည်းပညာသမိုင်းမှာတော့ အကြီးကျယ်ဆုံး Ransom-wareတိုက်ခိုက်မှုတစ်ခုလို့ သတ်မှတ်ခံခဲ့ရတယ်။ ကံအားလျော်စွာပဲ ဗြိတိန်ကနည်းပညာ လုံခြုံရေးသုတေသီတစ်ယောက်က WannaCry ဆိုးဆိုးရွားရွားပျံ့နှံ့မယ့် အခြေအနေကို မတော်တဆတားဆီးနိုင်ခဲ့ပါတယ်။ ဒါတောင် တစ် ကမ္ဘာလုံးအနှံ့ ကွန်ပျူတာအလုံးရေ သုံးသိန်းကျော်လောက် ဒီ တိုက်ခိုက်မှုဒဏ်ခံခဲ့ရတယ်။ အမေရိကန်ကတော့ WannaCry ဟာ မြောက်ကိုရီးယား ဟက်ကာတွေရဲ့ လက်ချက်လို့ စွပ်စွဲခဲ့ပါတယ်။


BitCoin ဈေးနှုန်းမြင့်တက်မှု

Cryptocurrency လို့ခေါ်တဲ့ အင်တာနက် ဒစ်ဂျစ်တယ် ငွေကြေးတစ်ခု ဖြစ်တဲ့ BitCoinရဲ့ တန်ဖိုးဟာ အခုနှစ်အတွင်းမှာ ကြောက်ခမန်းလိလိ မြင့်တက်လာပါတယ်။ နည်းပညာသတင်းတွေမှာလည်း BitCoin ရဲ့ ဈေးနှုန်းနဲ့ပတ်သက်လို့ တော်တော်ကြီးလှုပ်လှုပ်ခတ်ခတ် ဖြစ်လာ တယ်။ တကယ်လို့သာ လွန်ခဲ့တဲ့ ၂ နှစ်လောက်က BitCoin တွေ ဝယ်ယူသိမ်းဆည်းထားခဲ့မယ်ဆိုရင်တော့ အင်မတန်ပြောင်မြောက်တဲ့ ရင်းနှီးမြှုပ်နှံမှုမျိုး လုပ်ဆောင်ခဲ့တယ်လို့ ချီးကျူးရတော့မှာပါ။ အခုဆိုရင် BitCoin တစ်ယူနစ်ဈေးက ဒေါ်လာတစ်သောင်းခွဲ လောက်ထိ တန်ဖိုးရှိလာပါပြီ။ အကျိုးဆက်အနေနဲ့ BitCoin တွေကို မတရားသောနည်းနဲ့ရယူ ဖို့ ကြိုးစားမှုတွေလည်း ရှိလာပါတယ်။ ဒီဇင်ဘာလထဲမှာ BitCoinMining ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ NiceHash ကို ဟက်ကာတွေက တိုက်ခိုက်ခဲ့ပြီး ဒေါ်လာသန်း ၇၀ ဖိုးလောက် အဆုံးအရှုံးဖြစ်စေခဲ့တယ်လို့ သိရပါတယ်။


အစစ်အမှန် ဖြစ်လာတဲ့ 5G

၂၀၁၄ တုန်းက ကမ္ဘာ့မိုဘိုင်းနည်းပညာကွန်ဂရက်မှာ 5G ကွန်ရက် ချိတ်ဆက်မှုနဲ့ပတ်သက်လို့ စတင်ဆွေးနွေးခဲ့ကြပါတယ်။ သုံးနှစ်ကြာ မြင့်ပြီးချိန်မှာတော့ ဒီမြန်နှုန်းမြင့်ကွန်ရက်နည်းပညာဟာ အမှန်တကယ် အထမြောက်လာခဲ့ပါပြီ။ 5G အဆင့်ထိ ပီပီပြင်ပြင်မရောက်သေးဘူးလို့ ထောက်ပြစရာရှိပေမယ့် နည်းပညာကုမ္ပဏီကြီးတချို့ဟာ 5G ဝန် ဆောင်မှုကို စတင်မိတ်ဆက်နေပြီ ဖြစ်ပါတယ်။ ဥပမာပြောရရင် စက်တင် ဘာမှာ Intel က 5G အတွက် စမ်းသပ်အဆင့် ပလက်ဖောင်းတစ်ခုနဲ့ 5G ရေဒီယိုနည်းပညာကို ထောက်ပံ့မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဘက် ပေါင်းစုံမှာ အခြေခံကောင်းတွေ ရှိနေတဲ့နောက် ၂၀၁၉ လောက်မှာ လုံးဝဥဿုံပြီးပြည့်စုံတဲ့ 5G ကွန်ရက်တွေ အသုံးပြုနိုင်တဲ့အဆင့် ရောက် နေလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။


iPhone X

iPhone တွေ တစ်နှစ်တစ်ခါမျိုးဆက်သစ် ထုတ်လုပ်လိုက်တိုင်း နည်းပညာလောကမှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားတတ်တာ ဓမ္မတာပါ။ ဒါပေမဲ့ ဒီတစ်ကြိမ်က သမားရိုးကျထက် ပိုပါတယ်။ Apple က သမားရိုးကျ လမ်းကြောင်းအတိုင်း iPhone တွေ ဆက်ထုတ်နေတဲ့အပြင် ဒီစမတ် ဖုန်းတွေ ထုတ်လုပ်မှု (၁၀)နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ iPhone Xကိုမိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ဈေးကလည်း ပိုကြီးပါတယ်။ Home Button ကို ဖျောက်လိုက်တဲ့ ဒီဇိုင်းပိုင်း တော်လှန်ပြောင်းလဲမှုတွေ ပါဝင်လာသလို Apple ရဲ့ နည်းပညာပိုင်း အမြင့်ဆုံး iPhone အမျိုးအစားလို့တောင် ညွှန်းဆိုခံခဲ့ရပါတယ်။


Kaspersky နဲ့ အမေရိကန် ပဋိပက္ခ

ရုရှား နည်းပညာလုံခြုံရေး ဌာန Kaspersky အနေနဲ့ ၂၀၁၇ဒုတိယနှစ်ဝက် ကာလတစ်လျှောက်လုံး အမေရိကန်ရဲ့ စွပ်စွဲမှုတွေကို ဖြေရှင်းရင်း အချိန်ကုန် နေခဲ့ရပါတယ်။ အမေရိကန်မှာ လုပ်ငန်း ကျယ်ကျယ်ပြန့်ပြန့်ချဲ့ ထွင်ထားတဲ့ Kaspersky ဟာ ရုရှားအစိုးရရဲ့ အဓိကထောက်လှမ်းရေး အေဂျင်စီကြီး FSB နဲ့အချိတ်အဆက်ရှိတယ်လို့ အမေရိကန်ဘက်က စွပ်စွဲခဲ့တယ်။ ဒါ့အပြင် ရုရှားသူလျှိုတွေဟာ ၂၀၁၅ မှာ Kaspersky ရဲ့Anti-Virus Software တွေကို သုံးပြီးတော့ အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီရဲ့ ထိပ်တန်းအဆင့် လျှို့ဝှက်ဖိုင်တွေကို ခိုးယူခဲ့ တယ်လို့လည်းဆိုပါတယ်။ အကျိုးဆက်အနေနဲ့ Best Buy က Kasper-sky ရဲ့ Software တွေ ရောင်းချမှုကို ဖယ်ရှားခဲ့ရသလို အမေရိကန် အစိုးရဌာနတွေရဲ့ ကွန်ပျူတာတွေမှာလည်း Kaspersky အသုံးပြုမှုကို ပိတ်ပင်လိုက်ပါတယ်။


ထရန့်ရဲ့ တွစ်တာစာမျက်နှာ

အမေရိကန်လို နိုင်ငံကြီးတစ်ခုရဲ့ သမ္မတဟာ အပြောအဆို၊ အပြုအမူပိုင်းတော်တော်ကြီး ထိန်းသိမ်းဖို့တာဝန်ရှိပါတယ်။ ဒါပေမဲ့ ဒေါ်နယ်ထရန့် ကတော့ ဒီစံနှုန်းတွေကို ဂရုမစိုက်ပါဘူး။ နိုင်ငံရေးအရဖြစ်ဖြစ်၊ ပုဂ္ဂိုလ်ရေးအရဖြစ်ဖြစ် သူမကျေနပ်တာ၊ သူထင်မြင်တာမှန်သမျှကို တွစ်တာမှာ ရှင်းရှင်းဘွင်းဘွင်းပဲရေးလေ့ရှိပါတယ်။ ဒါကြောင့် ထရန့်ရဲ့ တွစ်တာစာမျက်နှာဟာ သတင်းဌာနကြီးတွေအတွက် ဧရာမအရင်းအမြစ်တစ်ခု ဖြစ်ခဲ့တယ်။ ဒီ ကြားထဲ ၂၀၁၇ မှာ တွစ်တာက စာလုံးရေ ၂၈၀ ထိ ရေးသားခွင့် မြှင့်တင်ပေးလိုက်တော့ ထရန့်အတွက် ပိုပြီးအကြိုက်တွေ့သွားပါတယ်။ နိုဝင်ဘာလဆန်းတုန်းက တော့ ထရန့်ရဲ့ တွစ်တာအကောင့်က ၁၁ မိနစ်လောက် ပျောက်သွားခဲ့သေးတယ်။ အဲဒါဟာ နမော်နမဲ့နိုင်တဲ့ ဝန်ထမ်း တစ်ယောက်ရဲ့ မှားယွင်းပိတ်သိမ်းမှုကြောင့် ဖြစ်ခဲ့တာလို့ တွစ်တာက ပြန်လည် ဝန်ခံခဲ့ပါတယ်။


နည်းပညာဘက် ယိမ်းလာတဲ့ ကားလောက

အရင်တုန်းကတော့ ကားထုတ်လုပ်မှုနဲ့ နည်းပညာကဏ္ဍဟာ တော်တော်လေး တသီး တခြားဆန်ခဲ့ဖူးပါတယ်။ ၂၀၁၇ ကစလို့ ဒီနယ်စည်းခြားမှု ပျက်ပြယ်သွားပါပြီ။ နိုင်ငံတကာနည်း ပညာကုမ္ပဏီကြီးတွေနဲ့ ကား ကုမ္ပဏီတွေကြား မဟာမိတ်ဖွဲ့ပေါင်းစည်းမှုတွေ အများအပြား ရှိလာ တယ်။ အဓိကအကြောင်းရင်းကတော့ မောင်းသူမဲ့ကားနည်းပညာ၊ လျှပ်စစ်ကားနည်းပညာနဲ့ ကွန်ရက်ချိတ်ဆက်မှုကို အားပြုတဲ့ ကွန်နက်တက်ကား နည်းပညာတွေအပေါ် အာရုံစိုက်သုတေသနပြုမှု အရှိန်မြင့်လာ တာကြောင့် ဖြစ်ပါတယ်။ ကားတစ်စီးရဲ့ အခြေခံစံနှုန်းတွေမှာလည်း မြန်နှုန်းမြင့်သလား၊ သက်သောင့်သက်သာရှိသလား စတာတွေအပြင်နည်းပညာပိုင်း ထောက်ပံ့မှုဘယ်လောက်အားကောင်းသလဲ ဆိုတာ ကိုပါ ထည့်စဉ်းစားလာကြပါတယ်။ လာမယ့် ၂၀၁၈ ကနေ ၂၀၂၀ ပြည့်နှစ်လောက်ထိ အတောအတွင်းမှာလည်း ကားလောကကို နည်းပညာနဲ့ မွမ်းမံမှုတွေ အရှိန်အဟုန်နဲ့ မြင့်တက်လာဦးမှာ သေချာပါတယ်။

—Ref: PC Magazine

၂၀၁၇ ရဲ့ အလှုပ်ခတ်ဆုံး နည်းပညာသတင်းများ ၂၀၁၇ ရဲ့ အလှုပ်ခတ်ဆုံး နည်းပညာသတင်းများ Reviewed by The Collector on Thursday, December 28, 2017 Rating: 5

No comments